အဓိက အကြောင်းအရာသို့သွားရန် ကျော်ပါ အသိပေးချက်အကြောင်းအရာ Skip
Back

စီအီးအို Robert Elliott ၏ အမှာစကား

ချစ်ခင်ရတဲ့မိတ်ဆွေများခင်ဗျာ

မြန်မာနိုင်ငံမှာ များမကြာမီစတင်မိတ်ဆက်ပေးသွားတော့မယ့် ကျွန်တော်တို့လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုတွေနဲ့ ပတ်သက်ပြီး ကျွန်တော်ဘယ်လောက်အထိ စိတ်လှုပ်ရှားနေတယ်ဆိုတာကို အထူးတလည်ပြောဖို့မလိုအပ်ဘဲ သိရှိနားလည်နေလောက်ပြီလို့ ထင်ပါတယ်။ ကျွန်တော်တို့ Manulife အတွက်တော့ ဒါဟာ ကိုယ့်အိမ်ကိုယ့်ယာကို ပြန်လည်ရောက်ရှိလာရသလို ခံစားရစေပါတယ်။

ယခုနှစ်၂၀၂၀ ကာလဟာ အသစ်တွေကို စတင်ချိန်လို့ဆိုနိုင်ပေမယ့် တကယ်တမ်း မြန်မာနိုင်ငံအတွက် Manulife ရဲ့ သမိုင်းကြောင်းက ကာလအတော်ကြာရှည်စဥ်ကတည်းက ရပ်တည်ထားခဲ့တယ်လို့ ဆိုရမှာပါ။ ကျွန်တော်တို့ရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို ပထမဆုံးအနေနဲ့ ၁၉၀၃ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာစတင်ခဲ့တာဖြစ်သလို နောက်ထပ်နှစ်ပေါင်း ၄၀ ကြာအထိ လုပ်ငန်းဆောင်ရွက်မှုတွေ ရှိခဲ့ပါတယ်။ ဒီသက္ကရာဇ်မှာတော့ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသားတိုင်းအတွက် သူတို့ရဲ့ လူနေမှုဘဝတွေကို ပိုပြီးကောင်းမွန်စေဖို့ ပြန်လည်ကူညီဆောင်ရွက်ခွင့်ရတော့မှာဖြစ်တာကြောင့် ကျွန်တော်တို့အားလုံးတစ်ကျော့ပြန် ရင်ခုန်စိတ်လှုပ်ရှားနေကြပါပြီ။

ပြီးခဲ့တဲ့ နှစ်ပေါင်း ၁၅နှစ်ကျော်ကတည်းက အာရှနိုင်ငံအများအပြားမှာ အခြေချလုပ်ကိုင်ဆောင်ရွက်ခဲ့သူတစ်ယောက်အနေနဲ့ အခုလိုအချိန်မှာ မြန်မာနိုင်ငံကိုရောက်ရှိလာပြီး Manulife ရဲ့ စီအီးအိုတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခွင့်ရလို့ ကျွန်‌တော့်အနေနဲ့ များစွာဂုဏ်ယူဝမ်းမြောက် ပီတိဖြစ်ရပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံတွေကြားမှာ စီပွားရေးအရဖွံ့ဖြိုးတိုးတက်မှုတွေ အရှိန်အဟုန်နဲ့ ဖြစ်တည်လာနေတဲ့ နိုင်ငံတစ်ခုဖြစ်တာနဲ့အညီ Manulife အနေနဲ့လည်း အခုလို ရေစီးမှာ တစ်ဖက်တစ်လမ်းက ပါဝင်ခွင့်ရမှာကို အတော်လေး စိတ်လှုပ်ရှားလျက်ရှိနေပါတယ်။ အခြားသော အရှေ့တောင်အာရှနိုင်ငံ (၆)ခုမှာလည်း လုပ်ငန်းလည်ပတ်ဆောင်ရွက်လျက်ရှိနေဆဲဖြစ်တယ့် ကျွန်တော်တို့အနေနဲ့ အဲ့ဒီနိုင်ငံတွေအတွင်းမှာ နိုင်ငံသားတွေရဲ့ မိသားစုတွေအတွက် ဘဏ္ဍာရေးပိုင်းဆိုင်ရာ ပံ့ပိုးစောင့်ရှောက်မှုတွေ၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးမှုတွေအပြင် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် ပင်မထောက်တိုင်ဖြစ်တဲ့ ဒေသလုံးဆိုင်ရာဘဏ္ဍာရေးအခြေခံအဆောက်အအုံတွေ ပိုမိုတိုးတက်လာဖို့အတွက်ကိုလည်း ထောက်ပံ့ကူညီပေးနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေရဲ့ တစ်ဦးချင်းဝင်ငွေတွေ တိုးတက်လာတာနဲ့အမျှ အသက်အာမခံလိုအပ်ချက်ကလည်း အရှိန်အဟုန်နဲ့ မြင့်တက်လာမှာပါ။ ဒါတင်မကသေးဘဲ လူဦးရေ ၅၅ သန်းကျော်ရှိတဲ့ အနက် နှစ်သန်းမျှသော နိုင်ငံသားတွေကသာ အာမခံထားရှိထားတာဖြစ်လို့ မြန်မာနိုင်ငံအတွက် အထူးသဖြင့် ကျန်းမာရေးနဲ့ အငြိမ်းစားဝန်ထမ်းဟောင်းတွေအတွက် လိုအပ်ချက်တွေကို ကျွန်တော်တို့အနေနဲ့ များစွာဖြည့်စွမ်းပေးနိုင်မယ့် အလားအလာကောင်းတွေကို မြင်တွေ့နေရတာလည်း ဖြစ်ပါတယ်။

Manulife မှာရှိတဲ့အားလုံးသောသူတွေကိုယ်စား ကျွန်တော့်အနေနဲ့ ဒီကနေ့ ကျွန်တော်တို့ကို နွေးထွေးတဲ့ အိမ်လေးတစ်လုံးရှိရာ မြန်မာနိုင်ငံကို ပြန်လည်လာရောက်နိုင်ဖို့ အဘက်ဘက်က ကူညီပေးကြသူ လူအရောက်ချင်းစီအားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ လာမယ့်နှစ်တွေမှာလည်း မိသားစုဘဝတွေနဲ့ လူမှုအသိုက်အဝန်းတွေအားလုံးအတွက် ထောက်ပံ့ကူညီမှု၊​ ဝန်ဆောင်မှုတွေ ပေးစွမ်း နိုင်ဖို့အပြင် အခွင့်အလမ်းကောင်းတွေကို သယ်ဆောင်လာဖို့ ကျွန်တော်တို့အားလုံး စိတ်လှုပ်ရှားနေကြပါပြီလို့ ပြောကြားလိုပါတယ်။ ကောင်းမွန်တဲ့ပြန်လည်ဆုံတွေ့ခြင်းလေးဖြစ်ပါစေ။

Robert Elliott

စီအီးအို

Manulife Myanmar