၂၀၁၉ခုနှစ် ဧပြီလ ၁၀ ရက်
ဟောင်ကောင်/ရန်ကုန် - Manulife အနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက်များနှင့်အညီ နိုင်ငံခြားသားရာနှုန်းပြည့်ပိုင်ဆိုင်သည့် အသက်အာမခံလုပ်ငန်းအဖြစ် လုပ်ငန်းလုပ်ကိုင်နိုင်ရန် ရွေးချယ်ခံရပြီဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်ကြေညာသည်။ မြန်မာနိုင်ငံသည် အာရှနိုင်ငံများအတွင်း Manulife မှ ဝန်ဆောင်မှုလုပ်ငန်းများလုပ်ကိုင်မည့် ၁၃ခုမြောက်သော ဒေသတွင်းစီးပွားရေးစျေးကွက်တစ်ခုလည်းဖြစ်သည်။
အသက်အာမခံလုပ်ငန်းမှာ အာဆီယံနိုင်ငံများ၏ စီးပွားရေးနှင့်လူမှုရေးလုပ်ငန်းစဥ်များအတွက် အရေးကြီးသော အခန်းကဏ္ဍမှ အဓိကရပ်တည်နေသည့် လုပ်ငန်းတစ်ခုလည်းဖြစ်သည်။ မြန်မာနိုင်ငံအတွင်း အသက်အာမခံစျေးကွက်အခွင့်အလမ်း ပွင့်လင်းလာသည်နှင့်အမျှ တိုင်းပြည်၏ လက်ရှိတိုးတက်ပြောင်းလဲလာမှုများအပေါ် တွန်းအားတစ်ခုဖြစ်လာစေပြီး ယှဥ်ပြိုင်မှုများ၊ ထိုးထွင်းသိမြင်မှုများအတွက် အားပေးမြှင့်တင်ပေးနိုင်မည်လည်းဖြစ်သည်။
Manulife Asia ၏ ဥက္ကဌနှင့်စီအီးအိုဖြစ်သူ Anil Wadhwani က “Manulife အနေနဲ့ အခုလို လုပ်ငန်းလုပ်ကိုင်ဖို့ ရွေးချယ်ခံရတဲ့အပေါ် အထူးပဲကျေးဇူးတင်ရှိပါတယ်။ မြန်မာနိုင်ငံဟာ Manulife အတွက် အရေးကြီးတဲ့စျေးကွက်တစ်ခုဖြစ်သလို ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံသားတွေအတွက် အာမခံဆိုင်ရာဝန်ဆောင်မှုတွေ၊ ငွေကြေးဆိုင်ရာလိုအပ်ချက်တွေအတွက်ကို ကူညီလုပ်ဆောင်ပေးသွားမယ်လို့ ကတိပြုပါတယ်။” ဟု ပြောကြားသည်။
ဆက်လက်၍ Wadhwani က “အာဆီယံနိုင်ငံတွေထဲက စီးပွားရေးအရ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာနေတဲ့ နိုင်ငံတစ်ခုဖြစ်တာနဲ့အညီ အသက်အာမခံလုပ်ငန်းကလည်း အခြေတည်ဖွံ့ဖြိုးလာစဖြစ်တာကြောင့် မြန်မာနိုင်ငံဟာ ကျွန်တော်တို့ရဲ့ အာရှဒေသဖွံ့ဖြိုးမှု မဟာဗျူဟာအတွက် အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာနေပါတယ်။ မြန်မာနိုင်ငံရဲ့ အသက်အာမခံလုပ်ငန်း အခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်လာခြင်းက လူတိုင်းအတွက် မဖြစ်မနေလိုအပ်တဲ့ ငွေကြေးဆိုင်ရာအကာအကွယ်ပေးမှုတွေကို ထောက်ပံ့ပေးနိုင်ဖို့သာမက ဖွံ့ဖြိုးဆဲတိုင်းပြည်တစ်ပြည်ရဲ့ စီးပွားရေး၊ တိုင်းပြည်အတွက် အချက်အချာကျတဲ့စျေးကွက်တစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ ကိုပါအထောက်အကူပြုပါလိမ့်မယ်။” ဟု ပြောကြားသည်။
မြန်မာနိုင်ငံအတွက် Manulife အနေဖြင့် ရှည်လျားသည့်သမိုင်းကြောင်းများရှိခဲ့ပြီး ၁၉၀၃ ခုနှစ်တွင် ပထမဦးဆုံးအကြိမ်အဖြစ် နိုင်ငံအတွင်း ဝင်ရောက်ခဲ့ပြီး ပထမဆုံး အာမခံပေါ်လစီကိုလည်း အဆိုပါ သက္ကရာစ်၏ နိုဝင်ဘာလ၌ပင် စတင်ရောင်းချခဲ့သည်။ Manulife အနေနှင့် မြန်မာနိုင်ငံစျေးကွက်အတွင်းသို့ ၂၀၁၄ခုနှစ်တွင် ကိုယ်စားလှယ်ရုံးခန်းဖွင့်လှစ်၍ တစ်ကျော့ပြန် ဝင်ရောက်လာခဲ့ပြီး ပြည်တွင်းမှဥပဒေပြုသူများ၊ အာမခံထားရှိသူများနှင့် နီးကပ်စွာတွေ့ဆုံဆွေးနွေးခြင်းဖြင့် တိုးတက်လာသည့် အာမခံဝန်ဆောင်မှုများ၏ အတွေ့အကြုံကောင်းများကို ဖလှယ်ခဲ့ကာ မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းအရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အကူအညီများပေးအပ်ခဲ့သည်။
Manulife အနေဖြင့် နိုင်ငံအတွင်းရှိလူမှုအသိုက်အဝန်း၏ ငွေကြေးဆိုင်ရာကိစ္စရပ်များနှင့် အာမခံစနစ်အား သိရှိနားလည်တတ်မြောက်စေရေး အာရှတွင်းရှိ တက်သစ်စစျေးကွက်များတွင် လုပ်ကိုင်ဆောင်ရွက်ခဲ့ဖူးသည့် ၎င်းတို့၏ များပြားသည့်အတွေ့အကြုံကောင်းများဖြင့် ဖြည့်ဆည်းပံ့ပိုးလျက်ရှိပြီး မြန်မာနိုင်ငံရှိကျောင်းသားများအား ကနေဒါနိုင်ငံ၏ အမြင့်ဆုံးသောပညာရေးကို သင်ကြားနိုင်မည့် အခွင့်အလမ်းတစ်ရပ် ပေါ်ပေါက်လာစေရေး ထောက်ပံ့ပေးနိုင်ရေး စမ်းသပ်လုပ်ဆောင်သွားရန်စီစဥ်ထားရှိကာ အထူးသဖြင့် အာမခံကိန်းဂဏန်းဆိုင်ရာ ပါရဂူပညာ၊ သင်္ချာနှင့် စာရင်းအင်းပညာရပ်များအား ဦးတည်သွားမည်ဖြစ်သည်။
အာရှ၏ တက်သစ်စစျေးကွက်များအတွင်း Manulife အနေနှင့် အောင်မြင်မှုများစွာ ထိုးဖောက်ဝင်ရောက်ထားနိုင်ခဲ့သည့် သက်သေသာဓကများစွာရှိပြီး အာဆီယံနိုင်ငံများဖြစ်သည့် ဗီယက်နမ်နှင့် ကမ္ဗောဒီးယားနိုင်ငံများတွင်လည်း နိုင်ငံခြားသားပိုင် အသက်အာမခံကုမ္ပဏီတစ်ခုအဖြစ် ပထမဆုံးဝင်ရောက်လုပ်ကိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၀၀ မီလီယံနီးပါးကို ရင်းနှီးမြှုပ်နှံခဲ့သည်။ ယနေ့အချိန်တွင် အဆိုပါစျေးကွက်နှစ်ခုမှာ ဒေသအတွင်း အလျင်အမြန်တိုးတက်အောင်မြင်လျက်ရှိပြီး ၎င်းတို့မှာ Manulife ၏ အပြည်ပြည်ဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုအခန်းကဏ္ဍများအတွက် အရေးပါသည့် ပြယုဂ်ကောင်းများအဖြစ် ရပ်တည်လျက်ရှိသည်။
ပြီးခဲ့သောနှစ်ပေါင်း ၁၃၀ မှစတင်ကာ Manulife မှာ ငွေကြေးဆိုင်ရာဝန်ဆောင်မှုပေးနေသည့် အဖွဲ့အစည်းများအတွင်း၌ ကမ္ဘာ့ထိပ်တန်းစာရင်းဝင်ဖြစ်လာခဲ့ပြီး ယင်းအောင်မြင်မှုများအပေါ် အခြေတည်ကာ အာရှဒေသများနှင့် ကမ္ဘာ့နေရာအနှံ့အပြားတွင် သန်းနှင့်ချီသည့် ဖောက်သည်များအတွက် ခေတ်မီဆန်းသစ်သည့် အာမခံစနစ်များနှင့်ဝန်ဆောင်မှုများကို Manulife အနေဖြင့် ဆက်လက်ဝန်ဆောင်မှုပေးလျက်ရှိသည်။
Manulife အကြောင်း
Manulife Financial Corporation မှာ နိုင်ငံတကာတွင် ငွေကြေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ ပေးအပ်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ထိပ်တန်းမှ ဦးဆောင်ထားသော လုပ်ငန်းတစ်ခုဖြစ်ပြီး နိုင်ငံသားများ၏ ငွေကြေးဆိုင်ရာ လုံခြုံစိတ်ချရမှုများ၊ ဆုံးဖြတ်ချက်များအား လွယ်ကူမှန်ကန်စွာချမှတ်နိုင်စေရန်သာမက ပြီးပြည့်စုံကောင်းမွန်သည့် လူနေမှုဘဝများ ဖန်တီးလာနိုင်စေရန် ထောက်ပံ့ကူညီပေးနေသည့် လုပ်ငန်းအဖွဲ့အစည်းတစ်ခုဖြစ်သည်။
အမေရိကန်နိုင်ငံတွင် John Hancock အမည်နှင့် အဓိကလုပ်ဆောင်နေပြီး အခြားသောနိုင်ငံများတွင်မူ Manulife အမည်ဖြင့် လုပ်ငန်းများ လည်ပတ်လျက် ရှိသည်။ အဖွဲ့အစည်း၊ ဌာနဆိုင်ရာမျာနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီအတွက် ငွေကြေးဆိုင်ရာ အကြံဉာဏ်ကောင်းများ၊ အာမခံဆိုင်ရာအကြံဉာဏ်များအပြင် ဓနဥစ္စာနှင့် ပိုင်ဆိုင်မှုဆိုင်ရာ စီမံခန့်ခွဲမှုနည်းလမ်းများအား ကူညီပံ့ပိုးလျက်ရှိသည်။ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းကာလတွင် လုပ်ငန်းများအား ၀န်ထမ်းပေါင်း ၃၄,၀၀၀ ကျော်၊ ကိုယ်စားလှယ်ပေါင်း ၈၂,၀၀၀ ကျော်အပြင် ဖြန့်ချိရေးမိတ်ဖက် ထောင်ပေါင်းများစွာနှင့်အတူ လက်တွဲ၍ ကမ္ဘာ့နိုင်ငံသားပေါင်း၂၈ သန်းနီးပါးကို ဝန်ဆောင်မှုပေးခဲ့ပြီး ဖြစ်သည်။
၂၀၁၈ခုနှစ် ဒီဇင်ဘာ ၃၁ အထိ ပိုင်ဆိုင်မှုအမြတ်ငွေတန်ဖိုး ကနေဒါဒေါ်လာ ၁.၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၇၉၄ ဘီလီယံ)အား စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုလက်အောက်တွင် ရရှိထားခဲ့ပြီး ဝန်ဆောင်မှု အသုံးပြုသူများအတွက် လွန်ခဲ့သော ၁၂လအတွင်း ကနေဒါဒေါ်လာ ၂၉ ဘီလီယံကိုလည်း ပေးအပ်ခဲ့ပြီးဖြစ်သည်။ လက်ရှိတွင် အာရှ၊ ကနေဒါနှင့် အမေရိကန်နိုင်ငံတွင် သုံးစွဲသူများအား ၀န်ဆောင်မှုပေးလာခဲ့သည်မှာ နှစ်ပေါင်း ၁၀၀ ကျော်တိုင်လာခဲ့ပြီလည်းဖြစ်သည်။
Manulife ၏ အပြည်ပြည်ဆိုင်ရာလုပ်ငန်းဌာနချုပ်အား ကနေဒါ တိုရွန်တိုမြို့တွင် ထားရှိပြီး တိုရွန်တို၊ နယူးယော့နှင့် ဖိလစ်ပိုင်စတော့ဈေးကွက်အတွင်း ‘MFC’ (Manulife Financial Corporation) အမည်ဖြင့် မှတ်ပုံတင်ထားကာ ဟောင်ကောင်စတော့ဈေးကွက်အတွင်း၌ ‘945’ အမည်ဖြင့် မှတ်ပုံတင်ထားသည်။